Popular Posts

Wednesday, May 9, 2018

ဟေတု

ရဟန္တာဟုကျော်ကြားသော
စွန်းလွန်းဆတော်ကြီးနှင့်
ဦနုအမေးဖြေ

[ဆရာတော်] - ဒကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက
မြင်းခြံဂူကျောင်း ဘုန်းတော်ကြီး ဦးက၀ိ ရှိတယ်လို့ မကြားဘူးလား။

နု - ကြားပါ၏ ဘုရား။

[ဆရာတော်] - အဲဒါ ဟိတ်ခတ်တာ။ ဟေတုပစ္စယော လို့ ခေါ်
တယ်။ ၎င်းနောက် သွားဦးမှပါလေလို့ အာရုံက မဆန့်ဘူးလား။

နု - ဆန့်ပါ၏ ဘုရား။

[ဆရာတော်] - အဲဒီ အာရုံဆန့်တာကို အာရမ္မဏပစ္စယောလို့
ခေါ်တယ်။ နောက်တစ်ဖန် အိမ်မှာ ကျီးစားစား ခွေးစားစား
ဘုန်းတော်ကြီး၏ ခြေရင်းသို့ မရောက် ရောက်အောင် သွားဦးမှ
ပဲလို့ ခန္ဓာကိုယ်ကြီးကို အာရုံကဆွဲလာ၍ အခု ဘုန်းကြီး ခြေတော်
ရင်းသို့ ရောက်တာတာဟာ ဒကာကြီး လာချင်လို့လာတာမဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို အာရုံက အဓိပတိတပ်၍ ဆွဲလာခြင်း
ကြောင့် အဓိပတိပစ္စယောလို့ ခေါ်တယ်။

နု - မှန်လှပါ ဘုရား။

[ဆရာတော်] - အဲဒါ ဘာကြောင့်လာရတာလဲ ဆိုရင် ရှေးက
ဘုန်းကြီးနှင့်တွေ့ခဲ့ရဖူးလို့ ခု တွေ့ချင်တယ်၊ ခု တွေ့ချင်လို့ တွေ့ရပြန်တယ်၊ နောင်ကိုလည်း တွေ့လေဦးမယ်။ ဒကာကြီး ၀က်သားများ စားဖူးသလား။

နု - စားဖူးပါ၏ ဘုရား။

[ဆရာတော်] - အဲ ရှေးက ၀က်သားကို စားခဲ့ဖူးလို့ ခု စားချင်တယ်။ ခု စားချင်လို့ စားရပြန်တယ်၊ နောက်ကိုလည်း စားရလေဦးမယ်။ ခွေးသားရော စားဖူးပါသလား။

နု - မစားဖူးပါ ဘုရား။

[ဆရာတော်] - အဲ ရှေးက ခွေးသားမစားဖူးလို့ ခု မစားချင်ဘူး၊
ခု မစားချင်လို့ ခု မစားဘူး၊ နောက်ကိုလည်း စားရမှာ မဟုတ်ဘူး။ ရှေးက ဒီတရားမျိုးကို နာခဲ့ရဖူးလို့ ခု နာချင်တယ်။ ခု နာချင်လို့ နာရပြန်တယ်၊ နောင်ကိုလည်း နာရလေဦးမယ်။ အနန္တရ၊ သမနန္တရ၊ သဟာဇာတ၊ အညမညပစ္စည်း ဆက်မသွားဘူးလား။

နု - သွားပါ၏ ဘုရား။

[ဆရာတော်] - ဘုန်းကြီး၏ခြေရင်းရောက်တော့ ဘုန်းကြီးက ရှေးဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့၊ အမျှဝေ၊ မိမိခန္ဓာကိုယ်ကို ဘုရားလှူ၊ နှာသီးဖျားမှာ စိတ်ကိုထား၊ လေတိုးထိတော့ သိလိမ့်မယ်။
သိတဲ့ အပေါ် သတိထားရမယ်ပြောတော့ နိဿယပစ္စယော၊ ဥပနိဿယပစ္စယောလို့ခေါ်တယ်။

နု - မှန်လှပါ ဘုရား။

[ဆရာတော်] - အားထုတ်ဆဲ အခိုက်အတန့်မှာ မျက်စိကတော့ တောင်ကြည့်မြောက်ကြည့် ကြည့်သေးရဲ့လား။

နု - မကြည့်ပါဘုရား။

[ဆရာတော်] - နားကကော ဟိုထောင်သည်ထောင် ထောင်သေးရဲ့လား။

နု - မထောင်ပါ ဘုရား။

[ဆရာတော်] - နှာခေါင်းကကော ဟိုရှူသည်ရှူ ရှူသေးရဲ့လား။

နု - မရှူပါ ဘုရား။

[ဆရာတော်] - ပါးစပ်ကကော ဟိုစားချင် သည်စားချင် ရှိသေးရဲ့လား။

နု - မရှိပါ ဘုရား။

[ဆရာတော်] - ခန္ဓာကိုယ်ကြီးကကော ဟိုသွားချင် သည်သွားချင် ရှိသေးရဲ့လား။

နု - မရှိပါ ဘုရား။

[ဆရာတော်] -အဲဒီတော့ စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယဆိုတဲ့ ဣနြေ္ဒငါးပါး မလုံဘူးလား။

နု - လုံပါ၏ ဘုရား။

[ဆရာတော်] - အဲဒါ ဣနြ္ဒိယပစ္စယောလို့ ခေါ်တယ်ကွဲ့။
မိမိနှာသီးဖျားမှာ လေတိုးထိတာကို သတိနှင့်သုံးသပ်ပါများသော်
ဈာန်သတ္တိ ဆိုတာ ဖြစ်ပေါ်လာလိမ့်မယ်။ ကိလေသာတွေ
လောင်ကျွမ်းသွားတာကို ဈာန်လို့ ခေါ်တယ်ကွဲ့၊ အဲဒါ
ဈာနပစ္စယောပဲ။

နု - မှန်လှပါ ဘုရား။

[ဆရာတော်] - ဘုန်းကြီးက ခန္ဓာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ၊
အေးမှန်းသိတဲ့ အခါမျိုးကျတော့ ပူမှုနှင့်သိမှတ်မှု၊ အေးမှုနှင့် သိမှတ်မှုတွေ ချုပ်သွားလိမ့်မယ်။ အဲဒါ မဂ်ခရီးရောက်ခြင်းကြောင့်
မဂ္ဂပစ္စယောလို့ခေါ်တယ်။

နု - မှန်လှပါ ဘုရား။

[ဆရာတော်] - ၎င်းမဂ်ခရီးကို သွားပါများ၍ သမာဓိအားကောင်းလာသော် ဖြစ်ခြင်း ချုပ်ခြင်းကိုသိသော ဉာဏ်အမြင်ရင့်သန်လာ
ခြင်းကြောင့် မရှိတာကိုလည်း ကျေးဇူးပြုလိမ့်မယ်၊ ရှိတာကိုလည်း ကျေးဇူးပြုလိမ့်မယ်၊ မရှိတာက ငါ့ခြေ, ငါ့လက်, ငါ့ခေါင်း၊ ရှိတာက စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် ပရမတ္ထတရားပဲ။

ကင်းတာကိုလည်း ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာကိုလည်း
ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာက သင်္ခတဓာတ်၊ ကင်းတာက အသင်္ခတဓာတ် မဟုတ်လား။

နု - ဟုတ်ပါ၏ ဘုရား။

[ဆရာတော်] - အဲဒါ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ၀ိဂတပစ္စယော၊ အ၀ိဂတပစ္စယောလို့ ခေါ်တယ်။

မှတ်ချက် - ဤနေရာမှစ၍ နိုင်ငံတော်ဝန်ကြီးချုပ်ဦနုနှင့်
စွန်းလွန်းဆရာတော်တို့ ၀ိပဿနာအကြောင်း၊ ၀ိနည်းအကြောင်း၊ အဘိဓမ္မာသဘောတရားများ ဆွေးနွေးခန်း ပြီးဆုံးပါပြီ။

ချမ်းသာပါစေ၊ ငြိမ်းအေးပါစေ၊ သံသရာဝဋ်ဆင်းရဲမှ
လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
ညီညီတင်
Dhamma Wizaya မှဓမ္မဒါနမျှဝေပါသည်။

No comments:

Post a Comment