Popular Posts

Sunday, April 9, 2017

စာကမှန်လဲ

စာအမှန် လက်ညိုးထိုးအလွဲ
*******************
တနေ့သ၌ အကျွန်ုပ် ငံပြာရည်ပုလင်း သာဂေါင်သည် ငါးလက်မ အထူခန့်ရှိပေထသော ကျမ်းစာအုပ်ကြီးတအုပ် အား လူမြင်ကွင်းတွင် ဖတ်ရူ၍ နေလေသည်။ Easy Chair ဟုခေါ်သော ပက်လက်ကုလားထိုင် ကြီးပေါ်တွင့် အငြိမ့်သားထိုင်ရင်း လက်တွင် ဆေးပေါလိပ့်တလိပ်ကို  မကြာမကြာ ဖွာရှိုက်ပြီးသကာလ တောင်တောင်အီအီ စဉ်းစားတွေးတောကာ ငိုက်မြည်း၍ နေလေသတည်း။
(Easy Chair ဟူသော အသုံးကို လည်းမမြင်ဖူးပါ။ သူတပါးသုံးတာကြားဖူး၍ လိုက်သုံးပါသည်။)

အမှန်ကိုဝန်ခံရလျှင်ကားအကျွန်ုပ်သည် လက်ထဲတွင်ကိုင်ထားသော စာအုပ်ကို လူအထင်ကြီးအောင် ကိုင်ရုံ မှတပါး စိတ်ဝင်စားခြင်းလည်းမရှိချေ။ ဆေးပေါ့လိပ်ကို လည်း ဟန်ပါပါကိုင်ပြီးဖွာရှိုက်နေသည်မှာလည်း ဆားပုလင်းနှင်းမောင်ဝတ္တု များဖတ်ကာ စိတ်ကြီးဝင်လျက် အတုယူကာလိုက်လုပ်ခြင်းမျှသာတည်း။

သူရိယခေါ် နေမင်းကြီးမှာ အနောက်ဂေါ်ယာကျွန်း အစွန်းသို့ ယွန်းလုလုနီးပါးအချိန်ဟု ပင် ခေါ်ရပေမည်။
တည့်တည့်( ဒဲ့) ပြောရ လျှင် နေဝင်ချိန်ဖြစ်ပေသည်။ ဂေါ်ယာကျွန်းဆိုသည်မှာလည်း ဘာကိုဆိုသည် ယခုအချိန်ထိမသိပါချေ။ဂေါ်ယာကျွန်း ၏ အဓိပ္ပါယ်ကို သိချင်လှ၍ မြန်မာ အဘိဓါန်ကို ရှာမိသေးသည်။ လွယ်လွယ်မတွေ့၍ မသိချင်တော့။ ကြုံမှ လှန်တော့မည်။

ဘာရယ်မဟုတ်ပါ။စာရေးဆရာ အယောင်ဆောင်လို၍
 သူတပါးရေးသည်ကို ဖတ်ကာ တုပလိုက်ရေးခြင်းသာဖြစ်ပေသည်။

အိပ်တန်းတက်ရန် ပြင်နေကြသည့် ငှက်ငယ်ကလေးများ၏ အသံကလည်းတစာစာနှင့်နားထောင်၍ ပင်ကောင်းသေးတော့သည်။ ငှက်ကလေးများကား စိုးစီ စိုးစီ နှင့် ခြင်ထောင်ထောင်နေကြသည်လားမသိ။
( အမှန်က စိုးစိ စိုးစီ နှင့် ငှက်အော်သည့်အသံကို ယခုအချိန်ထိ မကြားဖူးပါ။ သူတပါးရေး ၍ လိုက်ရေးရသည်မှာ အူကြောင်ကြောင် နိုင်လှပေသည်။ )

ထိုအချိန်တွင်
"စာက အမှန် လက်ညိုးထိုးလွဲနေတာ ဗျ" ဟူသော အသံကို ကျယ်လောင်စွာ ကြားလိုက်ရပေသည်။ ငိုက်မြည်းနေသော မျက်လုံးအစုံကို ပျင်းရိလေးကန်စွာ အသာအယာ ဖွင့်စေလျက် ကျွန်ုပ် မှာ အသံလာရာဆီသို့ ဟန်ပါပါ  စောင်းငဲ့ကြည့် မိသည်။ အသံရှင်ကိုကား မတွေ့ရပါချေ။

စာဖတ်သူများ ရှင်းလင်းစေသောငှာ အနည်ငယ် ရှင်းပြဦးလတ္တံ။ အကျန်ုပ်ထိုင်နေသော နေရာ၏ ကပ်လျက်အခန်းတွင် ဘုံဆိုင်ဟု ခေါ်ပေထသော အရက်ဖြူ ရောင်းသည့်ဆိုင်ရှိပါသည်။ ထိုဆိုင်သည် အဖြူ လိုင်စင်ဖြင့် အနီ နှင့် ဘီယာ ကို လူမသိ သူမသိ မသိနိုးနား ရောင်းနေသော အရပ်အခေါ် စားသောက်ဆိုင်ဖြစ်ပေသည်။ ထိုဆိုင်၏ မနီးမဝေးတွင် ထိုင်နေသည့် ကျန်ုပ်၏ သောတအာရုံသို့ ရိုက်ခတ်လာသော ထူးခြား အသံကိုကြားပြီးနောက် လေးလေးနက်နက်စဉ်းစားခြင်းအမူကိုပြု မိပေတော့သည်။

ထိုနောက်
မည့်သူ့ကို မည့်သည့်ရည်ရွယ်ချက်ဖြင့် မည်သူက ပြောနေသည်ကို သိလိုစိတ် ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာမိပေသည်။
စပ်စုလိုသောစိတ်က လွှမ်းမိုးလာတော့သည်။
သိုဖြစ်၍ နေရာက ထကာ အသံရှင်ကို လေ့လာစုံစမ်းစစ်ဆေးမူ ပြုရ ပေတော့သတည်း။

နေရာမှထ၍ အသံလာရာဆီသို့ တလှမ်းခြင်း တလှမ်းခြင်း ဖော့ဖိနပ်၏ မြည်သံ တဖျတ်ဖျတ် ပေး၍ လျောက်သွားပုံမှာ ဝတ္တု ထဲက ဆားပုလင်းနှင်းမောင်နှင့် နင်လားငါလား အပြိုင်ကျဲမည့်ဟန်ပေါက်နေပေသည်။

ဆိုင်၏ မျက်နှာစာဖက် တွင် စာပွဲဝိုင်း သုံးဝိုင်း ရှိပါသည်။  ထို သူတို့သည်
ကိုယ်အာရုံဖြင့် ကိုယ် ရောက်တတ်ရာရာ ပြောဆိုနေကြသည်ကို တွေ့မြင်နေရသည်။
ဆိုင်းအတွင်းတွင် လူရှင်းလျှက် ရှိနေသည်။ အတွင်းထောင့်တနေရာ တွင် တယောက်သော ယမကာလုလင် မှာ ဦးခေါင်းကို ငိုက်လျှက် တဦးတည်းစကားပြောနေသည်ကို တွေ့ ရှိရပါသည်။ တယောက်တည်း မပီမသပြောနေရင်း
"စာက အမှန် လက်ညိုးထိုး အလွဲ " ဟု ထပ်မံပြောကြားသည်ကို အံ့သြစွာ ကြားလိုက်ရပြန်ပါသည်။ အနှီပုဂ္ဂိုလ်သည် မည်သူ့ကိုမှ ရည်ရွယ်ဟန် မရှိပါချေ။ အမူးလွန်နေသည်ဟုသာ ကောက်ချက်ဆွဲရမလို ဖြစ်ပါသည်။

ထိုသူမှာ မောင်စည်သူဟု အမည်နာမရှိပေထသော စက်မူဇုံ ၃ တွင် နေထိုင်သည့် ယမကာလုလင်ပျို တဦးဖြစ်ပါသည်။ ကျဘမ်း လုပ်သားတဦးဖြစ်ပါပေသည်။ ပုံမှန်အားပေးနေသူတဦးဖြစ်၍ အမူးလွန်လာပါက တဦးတည်းစကားပြောတတ်သူသာဖြစ်ပေသည်။

မည့်သည့်ရည်ရွယ်ချက် ဟု တိတိပပ မသိသော်လည်း စာကအမှန်လက်ညိုးထိုးလွဲ နေသော ကိုယ့်အဖြစ်ကို ပြန်လည်ဆင်ခြင်မိသည်။
အမှန်ကို ဝန်ခံရလျှင် လက်ညိုးထိုးလွဲနေသော ဘဝများစွာကို ရည်ရွယ်ဆုံးမသော စကားတရပ်ဟုသာ ဆင်ခြင်မိရင်း အကျန်ုပ် ငံပြာရည်ပုလင်း သာဂေါင်၏ လျှို့  ဝှက်သဲဖို စုံစမ်းခြင်းအမူကို သည်မှာပင် နိဋ္ဌိတံလိုက်ရပါသည်။

ကိုနိုင်း
March 5, 2017
6:11 pm

No comments:

Post a Comment